Quran with Burmese translation - Surah An-Nur ayat 58 - النور - Page - Juz 18
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لِيَسۡتَـٔۡذِنكُمُ ٱلَّذِينَ مَلَكَتۡ أَيۡمَٰنُكُمۡ وَٱلَّذِينَ لَمۡ يَبۡلُغُواْ ٱلۡحُلُمَ مِنكُمۡ ثَلَٰثَ مَرَّٰتٖۚ مِّن قَبۡلِ صَلَوٰةِ ٱلۡفَجۡرِ وَحِينَ تَضَعُونَ ثِيَابَكُم مِّنَ ٱلظَّهِيرَةِ وَمِنۢ بَعۡدِ صَلَوٰةِ ٱلۡعِشَآءِۚ ثَلَٰثُ عَوۡرَٰتٖ لَّكُمۡۚ لَيۡسَ عَلَيۡكُمۡ وَلَا عَلَيۡهِمۡ جُنَاحُۢ بَعۡدَهُنَّۚ طَوَّٰفُونَ عَلَيۡكُم بَعۡضُكُمۡ عَلَىٰ بَعۡضٖۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِۗ وَٱللَّهُ عَلِيمٌ حَكِيمٞ ﴾
[النور: 58]
﴿ياأيها الذين آمنوا ليستأذنكم الذين ملكت أيمانكم والذين لم يبلغوا الحلم منكم﴾ [النور: 58]
Ba Sein ၅၈။ အို--ယုံကြည်သူအပေါင်းတို့၊ သင်တို့၏ အစေခံကျွန်များနှင့် အရွယ်မမြောက်သေးသောသူငယ်တို့သည် သင်တို့ ထံသို့မဝင်မီအချိန်သုံးပါး၌ ဝင်ခွင့်တောင်းရကြမည်၊ ထိုအချိန်သုံးပါးကား နံနက်မိုးသောက်ဆွလားသ်ဝတ်မပြုမီ အချိန်၊ ပူအိုက်၍ အဝတ်များကို ချွတ်ထားသောနေမွန်းတည့်ချိန်၊ ဆွလားသ်ဝတ်ကို ပြုပြီးသောအချိန်တို့ ဖြစ်သည်။ ဤအချိန်သုံးပါးသည် သင်တို့ဆိတ်ကွယ်ငြိမ်သက်စွာလွတ်လွတ်ကျွတ်ကျွတ်နေဖို့ရာ သတ်မှတ်ထား သောအချိန်တည်း၊ ထိုအချိန်လွန်သည့်နောက် သွားလာဝင်ထွက်ခြင်းသည် အပြစ်မသင့်ချေ၊ အလ္လာဟ်အရှင်မြတ် သည် သင်တို့အတွက် ပညတ်တော်များကို ဤကဲ့သို့ရှင်းလင်းစေတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် သိတော် မူ၏၊ ပညာရှိတော်မူ၏။ |
Ghazi Mohammad Hashim အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ ကျွန်၊ ကျွန်မများသည်လည်းကောင်း၊ အသင်တို့အနက် အရွယ်မရောက်ကြသေးသော ယောက်ျားကလေးများသည်လည်းကောင်း၊ (အသင်တို့အိမ်များတွင် ဝင်ထွက်သွားလာရန်အလို့ငှာ) အချိန်သုံးချိန်တွင် အသင်တို့ထံ ခွင့်တောင်းကြရမည်။ ‘ဖဂျ်ရ် ဆွလာတ်’ အလျင် (တစ်ချိန်)၊ အသင်တို့သည် မိမိတို့၏ အဝတ်အစားများကိုချွတ်၍ ထားလေ့ ရှိကြသော နေ့လယ်အချိန်၌(တစ်ချိန်)နှင့် ‘အိရှာအ် ဆွလာတ်’ အပြီး၌(တစ်ချိန်၊ဤ)သုံးချိန်ကား အသင်တို့၏ အရှက်လစ်လပ်ချိန်များတည်း။ (သို့ရာတွင်) ထို(သုံးချိန်)မှအပ(အခြားအချိန်များတွင်မူကား ခွင့်မတောင်းဘဲ ဝင်ထွက်သွားလာခြင်းကြောင့်) အသင်တို့အပေါ်၌လည်းကောင်း၊ ထိုသူတို့ အပေါ်၌ လည်းကောင်း၊ မည်သို့မျှ အပြစ်မရှိချေ။ ၎င်းတို့သည် အသင်တို့ထံ များစွာဝင်ထွက်သွားလာသူများ ဖြစ်ကြပေသည်။ အသင်တို့အနက် တစ်ဦးသည် တစ်ဦး၏ထံသို့ (ဝင်ထွက်သွားလာသူများသာဖြစ်ကြကုန်၏)။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် အမိန့်ပညတ်တော်များကို အသင်တို့အကျိုးငှာ ထုတ်ဖော် မိန့်ကြားတော်မူလေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့၏ကျွန်၊ ကျွန်မများနှင့် အသင်တို့ထဲမှ အရွယ်မရောက်ကြသေးသော ယောက်ျားလေးများကို (အသင်တို့အိမ်ထဲတွင် ဝင်ထွက်သွားလာရန်) အချိန်သုံးချိန်တွင် ဝင်ခွင့်တောင်းကြရမည်ဖြစ်သည်။ ဖဂျရ်စွလာသ်မတိုင်မီ(တစ်ချိန်)၊ အသင်တို့သည် အသင်တို့၏အဝတ်အစားများကို ချွတ်၍ထားလေ့ရှိကြသော နေ့လယ်အချိန်တွင် (တစ်ချိန်)နှင့် အိရှာစွလာသ်အပြီးတွင်(တစ်ချိန်၊ ဤ)သုံးချိန်သည် အသင်တို့၏ ဖုံးအုပ်ရမည့်အစိတ်အပိုင်းများ လစ်လပ်(ကောင်းလစ်လပ်)နေမည့်အချိန်များဖြစ်ကြသည်။* ထိုအချိန်များမှလွဲလျင် (ခွင့်မတောင်းဘဲ ဝင်ထွက်သွားလာခြင်းသည်) အသင်တို့အပေါ်နှင့် သူတို့အပေါ်တွင် မည်သည့်အပြစ်မျှ မရှိပေ။ သူတို့သည် အသင်တို့ထံသို့ မကြာခဏ ဝင်ထွက်သွားလာသူများပင်ဖြစ်ကြသည်။ အသင်တို့ထဲမှ တစ်ဦးသည် တစ်ဦးထံသို့ (မကြာခဏ သွားလာနေရခြင်းပင်ဖြစ်သည်)။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်များကို အသင်တို့အတွက် ရှင်းလင်းပြသတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |