Quran with Burmese translation - Surah Al-Ma’idah ayat 96 - المَائدة - Page - Juz 7
﴿أُحِلَّ لَكُمۡ صَيۡدُ ٱلۡبَحۡرِ وَطَعَامُهُۥ مَتَٰعٗا لَّكُمۡ وَلِلسَّيَّارَةِۖ وَحُرِّمَ عَلَيۡكُمۡ صَيۡدُ ٱلۡبَرِّ مَا دُمۡتُمۡ حُرُمٗاۗ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ ﴾
[المَائدة: 96]
﴿أحل لكم صيد البحر وطعامه متاعا لكم وللسيارة وحرم عليكم صيد البر﴾ [المَائدة: 96]
Ba Sein ၉၆။ ပင်လယ်သားငါးများကို ရှာဖွေဖမ်းဆီးစားသောက်ခြင်းသည် သင်တို့အတွက် တရားဝင်သော ပြုလုပ်မှု ဖြစ်၏။ ၎င်းတို့သည် သင်တို့နှင့် ပင်လယ်ကျောတွင် သွားလာနေသူတို့အဖို့ အစာရိက္ခာဖြစ်၏။ သို့သော် သင်တို့သည် ဟဂျ်ဝတ်ပြုနေစဉ် မြေပေါ်တွင် အမဲမလိုက်ရဟု ပညတ်တော်မူ၏။ သင်တို့ သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို မပျက်မကွက်ရအောင် သတိထားကြလော့။ အသျှင်မြတ် အထံတော်၌ သင်တို့ကို စုရုံးစေတော်မူလိမ့်မည်။ |
Ghazi Mohammad Hashim အသင်တို့အဖို့ (အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်ထားသည့်အချိန်၌) ပင်လယ် (ဝါ) ရေသတ္တဝါများကိုဖမ်းခြင်းနှင့် ၎င်းတို့ကိုစားသုံးခြင်းသည် ဟလာလ်ဟူ၍ ခွင့်ပြုထားပြီးဖြစ်၏။ (သို့ ခွင့်ပြုခြင်းကား) အသင်တို့၏အကျိုးငှာလည်းကောင်း၊ ခရီးသည်များ၏အကျိုးငှာလည်းကောင်း ဖြစ်ပေသည်။ သို့ရာတွင် အသင်တို့ အစ်ဟ်ရာမ်ဝတ်ရုံကို ဝတ်ဆင်လျက်ရှိသမျှကာလပတ်လုံး ကုန်းသတ္တဝါများကိုမူ အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ပြီးဖြစ်ချေသည်။ (သို့ဖြစ်ပေရာ) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ ထို (အလ္လာဟ်) အရှင်မြတ်ထံတော်၌သာ အသင်တို့သည် (ပြန်လည်၍) စုရုံးကြရမည်ဖြစ်သည်။ |
Hashim Tin Myint အသင်တို့အတွက် (အိဟ်ရာမ်ရုံထားချိန်တွင်) ရေသတ္တဝါများအား ဖမ်းဆီးခြင်းနှင့် ၎င်းတို့အား စားသုံးခြင်းကို အသင်တို့နှင့် ခရီးသည်များ၏အကျိုးအတွက် ဟလာလ် ခွင့်ပြုထားပြီးဖြစ်သည်။* သို့ရာတွင် အသင်တို့သည် အိဟ်ရာမ်ရုံထားနေသမျှ ကုန်းသတ္တဝါများကို အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ ဟရာမ်တားမြစ်ထားသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အရှင်မြတ်ထံတော်၌ပင် အသင်တို့သည် စုရုံးကြရမည်ဖြစ်သည်။ |