Quran with Burmese translation - Surah Al-Baqarah ayat 187 - البَقَرَة - Page - Juz 2
﴿أُحِلَّ لَكُمۡ لَيۡلَةَ ٱلصِّيَامِ ٱلرَّفَثُ إِلَىٰ نِسَآئِكُمۡۚ هُنَّ لِبَاسٞ لَّكُمۡ وَأَنتُمۡ لِبَاسٞ لَّهُنَّۗ عَلِمَ ٱللَّهُ أَنَّكُمۡ كُنتُمۡ تَخۡتَانُونَ أَنفُسَكُمۡ فَتَابَ عَلَيۡكُمۡ وَعَفَا عَنكُمۡۖ فَٱلۡـَٰٔنَ بَٰشِرُوهُنَّ وَٱبۡتَغُواْ مَا كَتَبَ ٱللَّهُ لَكُمۡۚ وَكُلُواْ وَٱشۡرَبُواْ حَتَّىٰ يَتَبَيَّنَ لَكُمُ ٱلۡخَيۡطُ ٱلۡأَبۡيَضُ مِنَ ٱلۡخَيۡطِ ٱلۡأَسۡوَدِ مِنَ ٱلۡفَجۡرِۖ ثُمَّ أَتِمُّواْ ٱلصِّيَامَ إِلَى ٱلَّيۡلِۚ وَلَا تُبَٰشِرُوهُنَّ وَأَنتُمۡ عَٰكِفُونَ فِي ٱلۡمَسَٰجِدِۗ تِلۡكَ حُدُودُ ٱللَّهِ فَلَا تَقۡرَبُوهَاۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ ءَايَٰتِهِۦ لِلنَّاسِ لَعَلَّهُمۡ يَتَّقُونَ ﴾
[البَقَرَة: 187]
﴿أحل لكم ليلة الصيام الرفث إلى نسائكم هن لباس لكم وأنتم لباس﴾ [البَقَرَة: 187]
Ba Sein ၁၈၇။ သင်တို့သည် ဥပုဉ်သီလကျင့်သုံးဆောက်တည်သောညဉ့်၌ မိမိတို့ဇနီး မိန်းမများထံ တရားသဖြင့် ဝင်နိုင်ကြသည်ဟု ပညတ်ထားတော်မူ၏။ သူမတို့သည် သင်တို့အဖို့ ဝတ်စားတန်ဆာများဖြစ်ကြ၏။ သင်တို့လည်း သူမတို့အတွက် ဝတ်စားတန်ဆာဖြစ်ကြ၏။ ဤကိစ္စတွင် သင်တို့သည် မိမိကိုယ်ကို မိမိ လှည့်စားနေသည်ကို အလ္လာဟ်အရှင်မြတ်သိတော်မူ၏။ ထို့ကြောင့် အရှင်မြတ်သည် သင်တို့ ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူပြီးလျှင် သင်တို့အား သက်သာခွင့် ပေးသနားတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် မိမိတို့ဇနီးနှင့် ပေါင်းသင်းဆက်ဆံကြ၍ အရှင်မြတ်ပြဋ္ဌာန်းထးတော်မူသည် တို့ကို ရှားမှီးကြလော့။ သင်တို့သည် ချည်မျှင်အနက်နှင့် ချည်မျှင်အဖြူကို ခြားနားသိနိုင်အောင် နံနက်အလင်းရောင်ပေါ်လာသည်အထိ အစာအဟာရများကို စားသောက်ကြလော့။ ထို့နောက် ညနေ နေဝင်ချိန်တိုင်အောင် ဥပုသ်သီလကျင့်ဝတ်များကို တစ်နေ့လုံး ကျနသေချာစွာ ကျင့်သုံး ဆောက်တည်ကြလော့။ ထိုအချိန်ကာအတွင်းတွင် ဇနီးမိန်းမများ၏အပါးကို မချဉ်းကပ်ကြလင့်။ လူသားတို့သည် ဒုစရိုက်အမှုအခင်းများကို ကြဉ်ရှောင်စေရန် အလ္လာဟ်အရှင်မြတ်သည် မိမိတရား တော်များကို ရှင်းလင်းပြဋ္ဌာန်းတော်မူ၏။ |
Ghazi Mohammad Hashim (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့အဖို့ရာ ဥပုသ်နေ့၏ညဉ့်၌ မိမိတို့ဇနီးမိန်းမများနှင့် သံဝါသပြုခြင်းကို ခွင့်ပြု တော်မူလေပြီ။ ယင်းဇနီးမိန်းမများသည် အသင်တို့ အဖို့ရာ (အရှက်အိန္ဒြေ ကိုလုံခြုံစွာဖုံး ကွယ်သော) ဝတ်စားတန် ဆာများ(ကဲ့သို့) ဖြစ်ကြ၏။ ထိုနည်း တူစွာ အသင်တို့သည် လည်း ထိုဇနီးမိန်းမများအဖို့အရာ (အရှက်အိန္ဒြေကို လုံခြုံစွာ ဖုံးကွယ်သော) ဝတ်စားတန်ဆာများ (ကဲ့သို့)ပင် ဖြစ်ကြလေ သည်။ အသင်တို့သည်(ဤအမိန့် မကျရောက်မီက ညများ၌ မိမိတို့ဇနီးမိန်းမများနှင့် ပုန်းလျှိုး၍ သံဝါသပြုခြင်း အားဖြင့်) မိမိတို့ကိုယ်ကို မိမိတို့ပင် လှည့်စားလျက် ရှိနေခဲ့ကြသည်ကို အလ္လာဟ်အရှင်မြတ်သည် သိရှိပြီး ဖြစ်တော်မူ၏။ သို့ပင်တစေ ထိုအရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ကရုဏာတော်ဖြင့် ပြန်လှည့်တော်မူ၍ အသင်တို့ (ပြုခဲ့ပြီးဖြစ်သောအပြစ်တို့) ကို ခွင့်လွှတ်တော်မူပြီး (နောင်အဖို့လည်း ဇနီးမိန်းများနှင့် ဥပုသ်နေ့၏ညဉ့်များတွင် သံဝါသပြုရန် ခွင့်ပြုထားတော်မူပြီ)။ သို့အတွက်ကြောင့် ယခုမှစ၍အသင်တို့သည် ထိုဇနီးမိန်းမတို့နှင့် သံဝါသပြုကြ၍ အသင်တို့အဖို့ အလ္လာဟ် အရှင်မြတ် ပြဋ္ဌာန်းထားတော်မူသော အရာများကို ရှာဖွေကြလေကုန်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ချည်မျှင်အနက် (တည်းဟူသော ညဉ့်၏အမှောင်)မှ ချည်မျှင် အဖြူ (တည်းဟူ သော) နံနက်မိုးလင်း အရုဏ်တက်ချိန်၏ အလင်းရောင် ပေါ်လွင်ထင်ရှားလာလေသည့် တိုင်အောင် (အစာ အာဟာရ များကို) စားသောက်ကြကုန်လော့။ တဖန် အသင်တို့သည် (ယင်းအလင်းရောင်ပေါ်လာသည်မှ နေဝင်၍) ညဉ့်အချိန် (ကျရောက်လာသည့်) တိုင်အောင် အချိန်ပြည့် ဥပုသ်သီလ ဆောက်တည်ကြ ကုန်လော့။ သို့ရာတွင် အသင်တို့သည် ဗလီ ကျောင်းတော်များတွင် အေ့တိကာဖ် သီတင်းသုံး နေထိုင် ကြစဉ်အခါ၌ ထိုဇနီးမိန်းမတို့နှင့် သံဝါသ ပြုခြင်းကို အလျင်း မပြုကြကုန်လင့်။ ဤသည်တို့သည် အလ္လာဟ်အရှင်မြတ် သတ် မှတ်ထားတော်မူသော နယ်နိမိတ်များပင် ဖြစ်ရကား အသင် တို့သည် ထိုနယ်နိမိတ်များ၏အပါးသို့ပင် မချဉ်းကပ်ကြ ကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ဤနည်းအတိုင်းပင် မိမိ အမိန့်ဒေသနာတော်များကို လူခပ်သိမ်းတို့ (သိစိမ့်သောငှါ) ရှင်းလင်း ဖော်ပြတော်မူလေသည်။ သို့မှသာလျှင် ယင်းသူတို့ သည် ပြစ်မှု ဒုစရိုက်တို့မှ ရှောင်ကြဉ်သောသူများ ဖြစ်တန်ကြရာကုန်သတည်း။ |
Hashim Tin Myint အသင်တို့အတွက် စွောင်မ်ဥပုသ်စောင့်သောည၌ အသင်တို့၏ဇနီးများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို ခွင့်ပြုပေးတော်မူလိုက်သည်။* သူမတို့သည် အသင်တို့အတွက် အဝတ်အစားဖြစ်ပြီး အသင်တို့သည်လည်း သူမတို့အတွက် အဝတ်အစားဖြစ်သည်။* အမှန်စင်စစ် အသင်တို့သည် အသင်တို့ကိုယ်ကို အသင်တို့သာ လှည့်စားနေခဲ့ကြသည်*ကို အလ္လာဟ်အရှင်မြတ်သည် သိရှိပြီးဖြစ်တော်မူသည်။ ထို့နောက် အရှင်မြတ်သည် အသင်တို့(ဘက်သို့ သနားကရုဏာနှင့်လှည့်ပြီး အသင်တို့၏ဝန်ချတောင်းပန်မှု)ကို လက်ခံခွင့်လွှတ်လိုက်တော်မူသည်။ ထို့ပြင် အသင်တို့၏မှားယွင်းချွတ်ချော်မှုများကိုလည်း ပလပ်လိုက်တော်မူသည်။ သို့ဖြစ်ရာ ယခုမူ အသင်တို့သည် အသင်တို့၏ ဇနီးကြင်ရာများနှင့် ပေါင်းသင်းဆက်ဆံကြ၍ အသင်တို့အတွက် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းထားတော်မူသည့်အရာများကို ရှာဖွေကြပါ။* ထို့ပြင် အသင်တို့သည် မိုးလင်းချိန်၏အဖြူမျှင်တန်းသည် အနက်မျှင်ထုမှ ထင်ရှားလာသည့်အချိန်ထိ စားသောက်ကြပါ။* ထို့နောက် အသင်တို့သည် ညအချိန်အထိ စွောင်မ်ဥပုသ် စောင့်ထိန်းကြပါ။ ထို့ပြင် အသင်တို့သည် ဗလီကျောင်းတော်များထဲတွင် အိအ်သိကာဖ်*ထိုင်နေသည့် အခြေအနေတွင် ဇနီးများနှင့် ပေါင်းသင်းဆက်ဆံခြင်း မပြုကြနှင့်။ ဤအရာများသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားတော်မူသည့် သတ်မှတ်ချက် အမိန့်များပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုနယ်နိမိတ်သတ်မှတ်ချက်များ၏အနီးသို့ မကပ်ကြနှင့်။ ထိုသို့ပင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏အာယသ်တော်များကို လူများအတွက် သူတို့ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြရန် ရှင်းပြတော်မူသည်။ |