Quran with Burmese translation - Surah al-‘Imran ayat 156 - آل عِمران - Page - Juz 4
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَكُونُواْ كَٱلَّذِينَ كَفَرُواْ وَقَالُواْ لِإِخۡوَٰنِهِمۡ إِذَا ضَرَبُواْ فِي ٱلۡأَرۡضِ أَوۡ كَانُواْ غُزّٗى لَّوۡ كَانُواْ عِندَنَا مَا مَاتُواْ وَمَا قُتِلُواْ لِيَجۡعَلَ ٱللَّهُ ذَٰلِكَ حَسۡرَةٗ فِي قُلُوبِهِمۡۗ وَٱللَّهُ يُحۡيِۦ وَيُمِيتُۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٞ ﴾
[آل عِمران: 156]
﴿ياأيها الذين آمنوا لا تكونوا كالذين كفروا وقالوا لإخوانهم إذا ضربوا في﴾ [آل عِمران: 156]
Ba Sein ၁၅၆။ အို-ယုံကြည်သူတို့ သင်တို့သည် မိစ္ဆာဒိဌိတို့ကဲ့သို့ မဖြစ်ကြလင့်။ ထိုသူတို့သည် မိမိတို့၏ ခရီးသွား နေသော သားချင်းတို့ကိုဖြစ်စေ၊ စစ်မြေပြင်တွင် တိုက်ခိုက်နေသော သားချင်းတို့ကိုဖြစ်စေ၊ သူတို့သည် အကျွနု်ပ်တို့နှင့်အတူတကွ ဤမှာရှိကြလျှင် သူတို့သည် သေရမှာလည်းမဟုတ်၊ အသတ်ခံရမှာလည်း မဟုတ်ဟု ပြောကြ၏။ အလ္လာဟ်အသျှင်မြတ်သည် သူတို့အား ယင်းသို့ ပူဆွေးစေတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သာလျှင် အသက်ရှင်စေတော်မူ၏။ အသက်သေစေတော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့ပြုသမျှတို့ကို မြင်တော်မူသောအသျှင် ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အို-’မုအ်မင်န်’ သက်ဝင် ယုံကြည်သူ အပေါင်းတို့။အသင်တို့သည် အကြင်သူတို့ကဲ့သို့ မဖြစ်ကြကုန်လင့်။ ထိုသူတို့သည် မယုံမကြည်သွေဖည်ငြင်းပယ်ကြသည့်ပြင် မိမိတို့၏ညီသား အစ်ကိုများနှင့်ပတ်သက်၍ ထိုညီသားအစ်ကိုများသည်ပထဝီမြေပြင်ဝယ်(သာသနာရေးကိစ္စနှင့်)ခရီးသွားလာကြသောအခါ (ကွယ်လွန်သေဆုံးခဲ့သည်) ဖြစ်စေ၊ စစ်သည်တော်များဖြစ်(၍ စစ်မြေပြင်၌ကျဆုံး)ခဲ့သည်ဖြစ်စေ၊ အကယ်၍သာထိုသူတို့သည် ငါတို့နှင့်အတူရှိနေခဲ့ကြပါလျှင် (ယင်းကဲ့သို့)သေကြေ ပျက်စီးကြမည်လည်းမဟုတ်။ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်ပေတကား ဟု ပြောဆိုလေ့ ရှိကြကုန်၏။အလ္လာဟ်အရှင်မြတ်သည် ထိုသူများကဲ့သို့ အသင်တို့မဖြစ် ကြသည်ကိုပင် ထို (ကာဖိရ်သွေဖည် ငြင်းပယ်သော)သူတို့၏ စိတ်နှလုံးတွင်း၌ ဝမ်းနည်းပူဆွေးဖွယ်တစ်ရပ် ဖြစ်စေတော် မူရန်ဖြစ်သည်။ စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် ရှင်စေတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သေစေတော်မူ၏။ထိုမှတစပါးတုံ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော ကိစ္စရပ်တို့ကိုလည်း ခွဲခြားသိမြင်တော်မူသောအရှင်ဖြစ်တော်မူပေသည်။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်သွေဖည်ငြင်းပယ်သူ (မုနာဖိက် အယောင်ဆောင်)များကဲ့သို့ မဖြစ်ကြနှင့်။ ထို့ပြင် သူတို့၏ညီနောင်များသည် မြေပေါ်တွင် ခရီးသွားလာသောအခါ (သေဆုံးသွားခဲ့သည်) သို့မဟုတ် စစ်သည်တော်ဖြစ်(ပြီး ကျဆုံးသွား)ခဲ့သည်။ (ထိုငြင်းပယ်)သူတို့က ပြောဆိုကြသည်၊ “အကယ်၍သာ သူတို့သည် ငါတို့နှင့်အတူရှိနေခဲ့ကြလျှင် (ထိုသို့)သေကြေပျက်စီးကြမည်လည်းမဟုတ်ပေ၊ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်ပေ။“ (အသင်တို့သည် သူတို့ပြောသကဲ့သို့ မပြောကြလေနှင့်။) ၎င်းကို အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများထဲတွင် ဝမ်းနည်းပူဆွေးမှု(၏ အကြောင်းခံအဖြစ်) ပြုလုပ်တော်မူရန်အတွက်သာ ဖြစ်သည်။ (အမှန်မှာ)အလ္လာဟ်အရှင်မြတ်သည်သာ ရှင်စေ၊ သေစေတော်မူသည်။ (အိမ်မှာထိုင်နေခြင်းက သေခြင်းရောက်လာမှုကို တားဆီးနိုင်သည် မဟုတ်ပေ။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့သိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |