Quran with Burmese translation - Surah An-Nisa’ ayat 77 - النِّسَاء - Page - Juz 5
﴿أَلَمۡ تَرَ إِلَى ٱلَّذِينَ قِيلَ لَهُمۡ كُفُّوٓاْ أَيۡدِيَكُمۡ وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ فَلَمَّا كُتِبَ عَلَيۡهِمُ ٱلۡقِتَالُ إِذَا فَرِيقٞ مِّنۡهُمۡ يَخۡشَوۡنَ ٱلنَّاسَ كَخَشۡيَةِ ٱللَّهِ أَوۡ أَشَدَّ خَشۡيَةٗۚ وَقَالُواْ رَبَّنَا لِمَ كَتَبۡتَ عَلَيۡنَا ٱلۡقِتَالَ لَوۡلَآ أَخَّرۡتَنَآ إِلَىٰٓ أَجَلٖ قَرِيبٖۗ قُلۡ مَتَٰعُ ٱلدُّنۡيَا قَلِيلٞ وَٱلۡأٓخِرَةُ خَيۡرٞ لِّمَنِ ٱتَّقَىٰ وَلَا تُظۡلَمُونَ فَتِيلًا ﴾
[النِّسَاء: 77]
﴿ألم تر إلى الذين قيل لهم كفوا أيديكم وأقيموا الصلاة وآتوا الزكاة﴾ [النِّسَاء: 77]
Ba Sein ၇၇။ အို-တမန်တော် သင်သည် ဤသူများကို မသိမမြင်သလော။ ထိုသူတို့သည် စစ်မက်တိုက်ခိုက်ခြင်းကို မပြုကြလင့်။ ဆွလာသ်ဝတ်ပြုကြလော့။ ဇကာသ်အလှူပေးကြလော့ဟု ဗျာဒိတ်ပေးတော်မူခြင်းခံရသူ များဖြစ်ကြ၏။ သို့သော် သူတို့ထံ စစ်တိုက်ရန် အမိန့်တော်ကျရောက်လာသောအခါ သူတို့အနက် လူတစ်စုသည် လူသားတို့ကို အလ္လာဟ်အသျှင်မြတ်အား ကြောက်ရွံ့သကဲ့သို့ သို့မဟုတ် အသျှင်မြတ် အား ကြောက်ရွံ့သည်ထက် ကြောက်ရွံ့ပြီးလျှင် အို-အကျွနု်ပ်တို့၏အသျှင်သခင် အသျှင်သည် အကျွနု်ပ်တို့အပေါ်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို အဘယ်ကြောင့် ပညတ်တော်မူပါသနည်း။ အသျှင်သည် အကျွနု်ပ်တို့အား အချိန်အနည်းငယ် ဆိုင်းင့ံပေးတော်မူပါလျှင် ကောင်းလေစွဟု တင်လျှောက်ကြ၏။ အို-မိုဟမ္မဒ် သင်သည် သူတို့အား ဟယ် အချင်းတို့ လောကီစည်းစိမ်ဥစ္စာသည် မမှုလောက်သောအရာဖြစ်၏။ နောင်တမလွန်ဘဝသည် ဒုစရိုက်မှုများကို ရှောင်ကြဉ်သူများအတွက် သာလွန်မွန်မြတ်၏။ သင်တို့သည် စွန်ပလွံ့စေ့၏ အမြှေးလောက်မျှ မတရားပြုခြင်းခံရမည်မဟုတ်ပေ။ |
Ghazi Mohammad Hashim (အို- နဗီတမန်တော်) အသင်သည် အကြင်သူတို့ (၏ ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ (ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် အမိန့်မကျရောက်မီက စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြရန် အလွန် စိတ်အားထက်သန်နေကြသဖြင့်) ၎င်းတို့အား “အသင်တို့သည် မိမိတို့လက်များကို (စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမှ) ချုပ်တည်း၍ထားရှိကာ ‘ဆွလာသ်’ ဝတ်ပြုမှုကို ဆောက်တည်၍နေကြကုန်။ ၎င်းပြင် ‘ဇကာသ်’တရားဝင်ဒါနကြေး ပေးဆောင်နေကြကုန်” ဟု ပြောခဲ့ဖူးလေသည်။ တစ်ဖန် ထိုသူတို့အပေါ်၌ စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန် (အမိန့်တော်သည်) အတည်ဖြစ်လာခဲ့သောအခါ ၎င်းတို့အနက်မှ လူတစ်စုသည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ဘိသကဲ့သို့ပင် လူတို့ကို ကြောက်ရွံ့လာကြရုံမျှမက အလ္လာဟ်အရှင်မြတ်ထက်ပင် ပိုမို၍ ကြောက်ရွံ့လာကြကုန်၏။ ၎င်းပြင် ထိုသူတို့က ပြောဆိုခဲ့ကြသည်မှာ “အို- ကျွန်တော်မျိုးတို့၏အရှင်၊ အရှင်မြတ်သည် မည်သည့်အတွက်ကြောင့် စစ်မက် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းကို ကျွန်တော်မျိုးတို့အပေါ်၌ သတ်မှတ် အတည်ပြုတော်မူပါသနည်း။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ထပ်မံ၍ ရက်အနည်းငယ် ရွှေ့ဆိုင်းပေးတော်မူခဲ့ပါလျှင် တော်လေစွတကား” ဟု လျှောက်ထားပန်ကြားခဲ့ကြကုန်သည်။ (အို- နဗီတမန်တော်) အသင်သည် (ယင်းတို့အား) လောကီအကျိုးခံစားမှုသည် ခေတ္တခဏမျှအဖို့သာဖြစ်၍ ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူ (တော်စင်) များအဖို့ နောင်တမလွန်ဘဝ (၏အကျိုးကျေးဇူးများ) သည်သာလျှင် အမွန်အမြတ်ဆုံးဖြစ်ပေသည်။ ထိုမှတစ်ပါးတုံ အသင်တို့သည် ဆံခြည်ခန့်မျှပင် မတော်မတရားနှိပ်စက်မှုကို ခံကြရမည်မဟုတ်ပေ ဟု ပြောကြားပါလေ။ |
Hashim Tin Myint အသင်(တမန်တော်)သည် အကြင်သူများအား မတွေ့မြင်သလော။(သူတို့သည် စစ်တိုက်မိန့်မကျမီက စစ်တိုက်ရန် စိတ်ပြင်းပြနေသောကြောင့်) သူတို့အား အသင်တို့သည် အသင်တို့၏လက်များကို (စစ်တိုက်ခြင်းမှ)ချုပ်တည်းထား၍ စွလာသ်ဝတ်ပြုမှုကို ဆောက်တည်နေကြပါ၊ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏ဝေစု)ကို ပေးဆောင်နေကြပါဟု ပြောခဲ့ဖူးသည်။ ထို့နောက် သူတို့အပေါ်တွင် စစ်တိုက်ရန်(အမိန့်သည်)အတည်ဖြစ်လာသောအခါ သူတို့ထဲမှ လူတစ်စုသည် အလ္လာဟ်အရှင်မြတ်အား ကြောက်သကဲ့သို့ လူများအား ကြောက်လာသည်သာမက အလ္လာဟ်အရှင်မြတ်(အားကြောက်သည်)ထက်ပင် ပို၍ကြောက်လာကြသည်။ ၎င်းပြင် သူတို့က ပြောဆိုခဲ့ကြသည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အဘယ့်ကြောင့် စစ်တိုက်ခြင်းကို ကျွန်ုပ်တို့အပေါ်တွင် ပြဋ္ဌာန်းလိုက်တော်မူပါသနည်း။ အရှင်မြတ်သည် ကျွန်ုပ်တို့အား ထပ်၍ ရက်အနည်းငယ် ရွှေ့ဆိုင်းပေးတော်မူခဲ့ပါလျှင် ကောင်းလေစွ။“* (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ “လောကီအကျိုးခံစားမှုသည် ခေတ္တမျှအတွက်သာဖြစ်ပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် တမလွန်ဘဝသည် အကောင်းဆုံးဖြစ်သည်။ ၎င်းပြင် အသင်တို့သည် ဆံခြည်တစ်မျှင်ခန့်မျှပင် မတရားနှိပ်စက်ခံကြရမည် မဟုတ်ပေ။“ |