Quran with Burmese translation - Surah Al-Ma’idah ayat 5 - المَائدة - Page - Juz 6
﴿ٱلۡيَوۡمَ أُحِلَّ لَكُمُ ٱلطَّيِّبَٰتُۖ وَطَعَامُ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ حِلّٞ لَّكُمۡ وَطَعَامُكُمۡ حِلّٞ لَّهُمۡۖ وَٱلۡمُحۡصَنَٰتُ مِنَ ٱلۡمُؤۡمِنَٰتِ وَٱلۡمُحۡصَنَٰتُ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ إِذَآ ءَاتَيۡتُمُوهُنَّ أُجُورَهُنَّ مُحۡصِنِينَ غَيۡرَ مُسَٰفِحِينَ وَلَا مُتَّخِذِيٓ أَخۡدَانٖۗ وَمَن يَكۡفُرۡ بِٱلۡإِيمَٰنِ فَقَدۡ حَبِطَ عَمَلُهُۥ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ ﴾
[المَائدة: 5]
﴿اليوم أحل لكم الطيبات وطعام الذين أوتوا الكتاب حل لكم وطعامكم حل﴾ [المَائدة: 5]
Ba Sein ၅။ ဤနေ့၌ မွန်မြတ်သောအရာဝထ္ထုများအားလုံးကို သင်တို့အဖို့ရာ တရားဝင်မင်္ဂလာရှိသောပစ္စည်း အဖြစ်ဖြင့် ပြဌာန်းတော်မူပြီ။ ရှေးကျမ်းတော်များကို ရရှိသောအမျိုးသားတို့၏အစားအစာသည် သင်တို့အတွက် တရားဝင်မင်္ဂလာရှိသောအစာအဟာရဖြစ်၏။ သင်တို့၏အစားအစာသည် သူတို့အတွက် တရားဝင်မင်္ဂလာရှိသောအစာဖြစ်၏။ ထိုနည်းတူ အသျှင်မြတ်နှင့်တရားတော်ကို ကြည်ညိုယုံကြည်သူ အမျိုးသမီးများနှင့် သင်တို့အလျင် ကျမ်းတော်များကို ရရှိသူအမျိုးသားတို့ထဲမှ အသျှင်မြတ်နှင့်တရားတော်ကို ကြည်ညိုသူအမျိုးသမီးများကို သင်တို့စုံဘက်ဖို့ရာ တရားသဖြင့် လက်ထပ်နိုင်သောမိန်းမများဖြစ်ကြ၏။ သို့သော် သင်တို့သည် သူတို့အား ခန်းဝင်ပစ္စည်းပေး၍ လက်ထပ်ယူကြလော့။ တင့်တယ်သိုက်မြိုက်ဂုဏ်ရှိစွာ ပေါင်းသင်းကြလော့။ ခေတ္တခဏ မေထုံမှီဝဲ ကြဖို့ရာ မယူကြလင့်။ တိတ်တဆိတ် အမြှောင်မယားအဖြစ်နှင့်လည်း မယူကြလင့်။ အကြင်သူသည် တရားတော်ကို မယုံကြည်၊ ငြင်းပယ်၏။ ထိုသူ၏ ကြိုးစားပြုလုပ်မှုသည် အကျိုးမရှိ အလဟဿသာ ဖြစ်၏။ ထိုသူသည် နောင်ဘဝ၌ ဆုံးရှုံးပျက်စီးသူတို့ဘောင်တွင် အပါအဝင်ဖြစ်၏။ |
Ghazi Mohammad Hashim (အို- မွတ်စ်လင်မ်အပေါင်းတို့) ယနေ့ စင်ကြယ်သန့်ပြန့်သောအရာဟူသမျှတို့သည် အသင်တို့အဖို့ စားသုံးခွင့်ပြုပြီးဖြစ်လေသည်။ ၎င်းပြင် (ရှေးအထက်) ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်ချေသည်။ ထိုနည်းတူစွာ အသင်တို့၏ စားသုံးဖွယ်ရာများသည်လည်း အသင်တို့အဖို့ (စားသုံး) ခွင့်ပြုပြီးဖြစ်၏။ ၎င်းပြင် သိက္ခာကိုစောင့်ထိန်းသော မွတ်စ်လင်မ် အမျိုးသမီးတို့သည်လည်းကောင်း၊ အသင်တို့အလျင် ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်းခံကြရသော သူတို့အနက်မှ ကာအိန္ဒြေကိုစောင့်ထိန်းသော အမျိုးသမီးတို့သည်လည်းကောင်း၊ အကယ်၍ အသင်တို့သည် ထိုအမျိုးသမီးတို့အား ၎င်းတို့၏ ‘မဟရ်’ထိမ်းမြားကြေးများကိုပေးဆပ်၍ ထင်ထင်ပေါ်ပေါ် ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်း အမြှောင်မယားထားခြင်းမပြုဘဲ မိမိတို့၏သိက္ခာကို စောင့်ထိန်းခြင်းအားဖြင့်သာ ထိမ်းမြားကြပါမူ။ (ထိမ်းမြားခွင့်ပြုပြီး ဖြစ်လေသည်) ။ စင်စစ်သော်ကား မည်သူမဆို ‘အီမာန်’ ယုံကြည်မှုကိုပယ်ရှားပါလျှင် ထိုသူ၏ (ပြုခဲ့သမျှသော) ကောင်းမှုသည် မလွဲဧကန် အလဟဿ အချည်းနှီးပင်ဖြစ်အံ့။ ၎င်းပြင် ထိုသူသည် နောင်တမလွန်ဘဝ၌လည်း ကျိုးယုတ်ပျက်စီးသောသူတို့တွင် အပါအဝင်ဖြစ်လတ္တံ့။ (ရကူ) |
Hashim Tin Myint ယနေ့ သန့်ပြန့်စင်ကြယ်သောအရာများကို အသင်တို့အတွက် စားသုံးခွင့်ပြုထားပြီးဖြစ်သည်။ ထို့ပြင် ကျမ်းရသူများ၏စားစရာများသည်လည်း* အသင်တို့အတွက် ခွင့်ပြုထားပြီးဖြစ်သည်။ ထို့ပြင် သိက္ခာစောင့်ထိန်းသော မုအ်မင်န်အမျိုးသမီးများနှင့် အသင်တို့မတိုင်မီ ကျမ်းရသူများထဲမှ သိက္ခာစောင့်ထိန်းသောအမျိုးသမီးများကို အကယ်၍ အသင်တို့သည် သူမတို့၏(ထိမ်းမြားရန်သဘောတူထားသော) မဟရ်ပစ္စည်းများကိုပေးဆပ်ပြီး ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်းမယားငယ်ထားခြင်းမပြုဘဲ သိက္ခာစောင့်စည်းလျက် ထိမ်းမြားကြလျှင် (ထိမ်းမြားခွင့် ပြုပြီးဖြစ်သည်)။ ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်မှုကို ငြင်းပယ်လိုက်လျှင်* ထိုသူ၏ကောင်းမှုသည် အမှန်စင်စစ် အကျိုးမဲ့အချည်းနှီးဖြစ်လိမ့်မည်။ ထို့ပြင် ထိုသူသည် တမလွန်ဘဝတွင်လည်း ပျက်စီးသောသူများထဲ၌ ပါဝင်လိမ့်မည်။ |