Quran with Burmese translation - Surah Al-A‘raf ayat 143 - الأعرَاف - Page - Juz 9
﴿وَلَمَّا جَآءَ مُوسَىٰ لِمِيقَٰتِنَا وَكَلَّمَهُۥ رَبُّهُۥ قَالَ رَبِّ أَرِنِيٓ أَنظُرۡ إِلَيۡكَۚ قَالَ لَن تَرَىٰنِي وَلَٰكِنِ ٱنظُرۡ إِلَى ٱلۡجَبَلِ فَإِنِ ٱسۡتَقَرَّ مَكَانَهُۥ فَسَوۡفَ تَرَىٰنِيۚ فَلَمَّا تَجَلَّىٰ رَبُّهُۥ لِلۡجَبَلِ جَعَلَهُۥ دَكّٗا وَخَرَّ مُوسَىٰ صَعِقٗاۚ فَلَمَّآ أَفَاقَ قَالَ سُبۡحَٰنَكَ تُبۡتُ إِلَيۡكَ وَأَنَا۠ أَوَّلُ ٱلۡمُؤۡمِنِينَ ﴾
[الأعرَاف: 143]
﴿ولما جاء موسى لميقاتنا وكلمه ربه قال رب أرني أنظر إليك قال﴾ [الأعرَاف: 143]
Ba Sein ၁၄၃။ တမန်တော်မူဆာသည် ချိန်းထားတော်မူသောနေရာအရပ်သို့လာ၍ သူ၏ကျေးဇူးတော်သခင် ဗျာဒိတ်စကားပြောတော်မူသောအခါ သူက အို-အကျွနု်ပ်၏ ကျေးဇူးတော်သခင် အကျွနု်ပ်သည် အသျှင်အား စိုက်၍ ဖူးမြော်နိုင်ရအောင် အသျှင်၏ကိုယ်ကို ပြတော်မူပါဟု တင်လျှောက်၏။ အသျှင်မြတ်က အို-မူဆာ သင်သည် ငါ့ကို ပကတိဖူးမြင်နိုင်မည်မဟုတ်။ သို့သော် တောင်ကို စိုက်ကြည့်လော့။ အကယ်၍ တောင်သည် နဂိုရ်အတိုင်း မိမိနေရာတွင်တည်နေလျှင် သင်သည် ငါ့ကို မျက်ဝါးထင်ထင် မြင်ရလတ္တံ့ဟု ဗျာဒိတ်ပေးတော်မူ၏။ သူ၏ ကျေးဇူးတော်သခင်သည် တောင်အား မိမိ၏ဂုဏ်တော်ကိုပြသတော်မူသောအခါ တောင်သည် ပြိုလဲကျသွား၏။ တမန်တော် မူဆာလည်း သတိမရှိ လဲကျသွား၏။ သူသည် သတိရလာသောအခါ အို-အသျှင်မြတ် အသျှင်သည် ချို့တဲ့ခြင်းကင်းမဲ့တော်မူပါ၏။ အကျွနု်ပ်သည် သတိသံဝေဂရလျက် အသျှင့်ဘက်တော်သို့ မျက်နှာ မူပါ၏။ အကျွနု်ပ်သည် ယုံကြည်သူအစစ်တို့တွင် ရှေးဦးပထမဖြစ်ပါ၏ဟု တင်လျှောက်၏။ |
Ghazi Mohammad Hashim ၎င်းပြင် (နဗီတမန်တော်)မူစာသည် ငါအရှင်မြတ်သတ်မှတ်တော်မူသောအချိန်၌ ရောက်ရှိလာခဲ့၍ ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို (နဗီတမန်တော်)မူစာနှင့် စကားပြောဆိုတော်မူသောအခါ ထို(နဗီတမန်တော်)မူစာက အို ကျွန်တော်မျိုး၏အရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား(မိမိကို)ပြသတော်မူပါ။ ကျွန်တော်မျိုးသည် အရှင်မြတ်အားဖူးမျှော်ပါရစေဟု လျှောက်ထားပန်ကြားလေသည်။ ထိုအခါ အရှင်မြတ်က (အို-မူစာ) အသင်သည် (ဤလောကတွင်) ငါအရှင်မြတ်အား အလျင်း ဖူးမြင်နိုင် မည်မဟုတ်ပေ။သို့ရာတွင် အသင်သည် (ဤ)တောင်ကို ကြည့် နေပါလေ။အကယ်၍ ထိုတောင်သည် မိမိနေရာတွင် တည်ငြိမ်စွာရှိနေခဲ့ပါမူ အသင်သည်လည်း ငါအရှင်မြတ်အား အမှန်ပင်မူးမျှော်နိုင်ပေမည်ဟု မိန့်ကြားတော်မူလေသည်။ ထို့နောက် ထို(နဗီတမန်တော်) မူစာ၏အရှင်သည် တောင်ပေါ်သို့(မိမိ) ဘုန်းတော်ကို ထင်ရှားစေတော်မူလိုက်သည့်အခါ ထိုဘုန်းတော်သည်ယင်းတောင်ကို အစိတ်စိတ်ဖြစ်ခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာသည်လည်း သတိလစ်၍ လဲကျသွားလေသည်။တဖန် ထို(နဗီတမန်တော်)မူစာသည် သတိပြန်လည်၍ ရရှိလာသောအခါ (ဤသို့) လျှောက်ထား လေသည်။ (အို-အရှင်မြတ်)အရှင်မြတ်သည်(ဤလူ့လောကတွင် မံသစက္ခုဖြင့်ဖူးမြင်ရတော်မူခြင်းမှ) သန့်ရှင်း စင်ကြယ်တော်မူပါ၏။ ကျွန် တော်မျိုးသည်အရှင်မြတ်အထံတော်၌ (ယခုကဲ့သို့လျှောက် ထားမိသောကြောင့်) ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ကျွန် တော်မျိုးသည်(အရှင်မြတ်အား ဤလောကတွင် မည်သူမျှ မမြင်နိုင်ကြောင်း)ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။ [(တစ်နည်း) ၎င်းပြင်ကျွန်တော်မျိုးသည် အသင်သည် ငါအရှင်မြတ်အား (ဤပစ္စုပ္ပုန်ဘဝတွင်)အလျင်း ဖူးမျှော်နိုင်မည်မဟုတ်ဟူသော မုက္ခပါဌ်တော် ကို ပထမဦးဆုံး ယုံကြည်သူ ဖြစ်ပါသည်။ |
Hashim Tin Myint ထို့ပြင် (တမန်တော်)မူစာသည် ငါအရှင်မြတ် သတ်မှတ်တော်မူသော အချိန်နှင့်နေရာတွင် ရောက်ရှိလာခဲ့ပြီး ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ၎င်းနှင့် စကားပြောဆိုတော်မူသောအခါ ၎င်းက ပြောဆိုလျှောက်ထားသည်- “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား (အရှင်မြတ်ကို) မြင်အောင်ပြသတော်မူပါ၊ ကျွန်ုပ်သည် အရှင်မြတ်ကို ဖူးမြော်ပါရစေ။* အရှင်မြတ်က အမိန့်ရှိတော်မူသည်- “အသင်သည် (ဤလောက၌) ငါအရှင်မြတ်ကို (မျက်ဝါးထင်ထင်) လုံးဝ ဖူးမြော်နိုင်မည် မဟုတ်ပေ။* သို့ရာတွင် အသင်သည် (ဤ)တောင်ကို ကြည့်လိုက်ပါ။ အကယ်၍ ထိုတောင်သည် သူ၏နေရာတွင် တည်ငြိမ်စွာရှိနေခဲ့လျှင် အသင်လည်း ငါအရှင်မြတ်ကို မုချ ဖူးမြော်နိုင်လိမ့်မည်။“* ထို့နောက် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်သည် တောင်ပေါ်သို့ တန်ခိုးတော် ထင်ရှားစေလိုက်သောအခါ* ထိုတန်ခိုးတော်သည် ထိုတောင်ကို အစိတ်စိတ် အမြွှာမြွှာဖြစ်စေခဲ့သည်။ ၎င်းပြင် (တမန်တော်)မူစာသည်လည်း သတိလစ်ပြီး လဲကျသွားခဲ့သည်။ ထို့နောက် ၎င်းသည် သတိပြန်ရလာသောအခါ ပြောဆိုလျှောက်ထားခဲ့သည်- “အရှင်မြတ်သည် (လောကမျက်စိနှင့် မြင်တွေ့နိုင်ခြင်းမှ) သန့်ရှင်းစင်ကြယ်တော်မူပါသည်။ ကျွန်ုပ်သည် အရှင်မြတ်ထံတော်တွင် (ဤသို့ ပြောဆိုမိသည့်အတွက်) ဝန်ချတောင်းပန်ပါသည်။ ထို့ပြင် ကျွန်ုပ်သည် (အရှင်မြတ်အား လောက၌ မည်သူမျှ မဖူးမြင်နိုင်သည်ကို) ပထမဦးဆုံး ယုံကြည်သူဖြစ်ပါသည်။ |