Quran with Burmese translation - Surah An-Nisa’ ayat 1 - النِّسَاء - Page - Juz 4
﴿يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالٗا كَثِيرٗا وَنِسَآءٗۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبٗا ﴾
[النِّسَاء: 1]
﴿ياأيها الناس اتقوا ربكم الذي خلقكم من نفس واحدة وخلق منها زوجها﴾ [النِّسَاء: 1]
Ba Sein ၁။ အို-လူသားတို့၊ သင်တို့သည် မိမိတို့၏အသျှင်သခင်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြ လော့။ အသျှင်မြတ်သည် သင်တို့အား လူတစ်ဦးတစ်ယောက်တည်းမှ ဖန်ဆင်းတော်မူ၏ ထိုလူသားမှ ၎င်း၏မယား မိန်းမကို ဖန်ဆင်းတော်မူ၏။ သူတို့နှစ်ဦးမှ များပြားလှစွာသော ယောကျ်ား၊ မိန်းမတို့ကို အနှံ့အပြား ပေါက်ဖွားစေတော်မူ၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်၏အမှုတော်ကို ကြေကုန်အောင် ထမ်းဆောင်ကြလော့။ အသျှင်၏တန်ခိုးတော်အားဖြင့် သင်တို့သည် တစ်ဦးအပေါ် တစ်ဦးက အခွင့်အရေးတောင်းကြ၏။ သင်တို့သည် မိမိတို့မွေးသမိခင်၏ ဝတ္တရားကို ကောင်းစွာ စောင့်ထိန်းကြလော့။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် သင်တို့အား အစဉ်ထာဝရ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိတော်မူ၏။ |
Ghazi Mohammad Hashim အို- မနုဿလူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေ) ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို (လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊ မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်လော့။ အသင်တို့သည် ထိုအရှင်မြတ်အားအကြောင်းပြု၍ မိမိတို့အချင်းချင်း (မိမိတို့၏အခွင့်အရေးများကို) တောင်းဆိုကြကုန်၏။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးညာတကာ (တို့၏ အခွင့်အရေးများကို ဆုံးရှုံးနစ်နာစေခြင်း) မှလည်း ကြဉ်ရှောင်ကြကုန်လော့။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် ဧကန်စင်စစ် ကြီးကြပ်၊ ထိန်းသိမ်း။ စောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အို- လူသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ကြပါ။ ထိုအရှင်မြတ်သည် အသင်တို့ကို အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် သူ၏ဇနီးကြင်ရာကိုလည်း ဖန်ဆင်းတော်မူခဲ့သည်။* ၎င်းပြင် ထိုနှစ်ဦးမှ များစွာသော ယောက်ျားများနှင့် မိန်းမများကို ပြန့်ပွားစေတော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ။ ထိုအရှင်ကိုအကြောင်းပြုပြီး အသင်တို့သည် အသင်တို့အချင်းချင်း(၏ အခွင့်အရေးများကို) တောင်းဆိုကြသည်။ ၎င်းပြင် အသင်တို့သည် ဆွေမျိုးသားချင်းများ(၏ အခွင့်အရေးများကို မပေးဘဲနေခြင်း)မှလည်း ရှောင်ကြဉ်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်တွင် အလွန်စောင့်ကြပ်အုပ်ထိန်းတော်မူသောအရှင် ဖြစ်တော်မူသည်။ |