Quran with Burmese translation - Surah Al-hajj ayat 36 - الحج - Page - Juz 17
﴿وَٱلۡبُدۡنَ جَعَلۡنَٰهَا لَكُم مِّن شَعَٰٓئِرِ ٱللَّهِ لَكُمۡ فِيهَا خَيۡرٞۖ فَٱذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَيۡهَا صَوَآفَّۖ فَإِذَا وَجَبَتۡ جُنُوبُهَا فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡقَانِعَ وَٱلۡمُعۡتَرَّۚ كَذَٰلِكَ سَخَّرۡنَٰهَا لَكُمۡ لَعَلَّكُمۡ تَشۡكُرُونَ ﴾
[الحج: 36]
﴿والبدن جعلناها لكم من شعائر الله لكم فيها خير فاذكروا اسم الله﴾ [الحج: 36]
Ba Sein ၃၆။ ကုလားအုပ်တိရိစ္ဆာန်များ၊ ငါသည် ၎င်းတို့ကို သင်တို့အဖို့ အလ္လာဟ်အရှင်မြတ်အား လှုသောပစ္စည်းများတွင် အပါအဝင်ဖြစ်စေတော်မူ၏၊ ၎င်းတို့၌ သင်တို့အတွက် အကျိုးများများရှိ၏၊ ထို့ကြောင့်၎င်းတို့ကို စီတန်းထားသော အခါ ၎င်းတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသရွတ်ဖတ်သရဇ္ဈာယ်ကြလော့၊ ထို့နောက်၎င်းတို့ သေ၍ ၎င်းတို့၏နံဘေးသည် မြေပေါ်သို့ လဲကျသည်ရှိသော် ၎င်းတို့၏အသားများအနက် အချို့ကို သင်တို့ စားသုံး၍ အချို့ကို ဘုန်းတောင်းယာစကာများနှင့် သူဆင်းရဲများအား ကျွေးမွေးကြလော့၊ သင်တို့သည် ငါ၏ ကျေးဇူးတော်ကို ချီးကျူးဖို့ရာ ယင်းသို့ ငါသည် တိရိစ္ဆာန်များကို သင်တို့၏သြဇာခံဖြစ်စေတော်မူ၏။ |
Ghazi Mohammad Hashim စင်စစ် ငါအရှင်မြတ်သည် ကုရ်ဗာနီကုလားအုတ်များကို အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်၏(သာသနာ့)အထိမ်းအမှတ်များအနက် အထိမ်းအမှတ်တစ်ရပ် ပြုလုပ်တော်မူခဲ့၏။ အသင်တို့အဖို့ ယင်းကုရ်ဗာနီ ကုလားအုတ်များတွင် ကောင်းကျိုးသည်ရှိပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ယင်းကုရ်ဗာနီကုလားအုတ်များအပေါ်ဝယ် (၎င်းတို့အား)စီတန်းရပ်စေလျက် အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို ရွတ်ဆိုတသ(၍ကုရ်ဗာနီပြုလုပ်)ကြလေကုန်။ ထို့နောက် ယင်းကုရ်ဗာနီကုလားအုတ်များသည် ဘေးစောင်းလဲကျသွားကြလေသောအခါ အသင်တို့သည် ၎င်းတို့(၏အသား)အနက်မှ မိမိတို့ကိုယ်တိုင်လည်း စားသုံးကြလေကုန်။ (လက်ဖြန့်တောင်းခံခြင်း မပြုဘဲ) ရောင့်ရဲတင်းတိမ်(မှုဖြင့်သိက္ခာစောင့်စည်း)သူအား လည်းကောင်း၊ (သိက္ခာမစောင့်စည်းနိုင်ဘဲဖွင့်ဟ) တောင်းရမ်းသူအားလည်းကောင်း၊ ကျွေးမွေးကြ လေကုန်။ ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် အသင်တို့ ကျေးဇူးတင်ကြအံ့သောငှာ ယင်းကုရ်ဗာနီကုလားအုတ်များကို အသင်တို့၏လက်အောက်ခံ ဖြစ်စေတော်မူခဲ့ပေသတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် ကုရ်ဗာနီကုလားအုတ်များကို အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏ အထိမ်းအမှတ်များထဲမှ အထိမ်းအမှတ်တစ်ခုပြုလုပ်တော်မူခဲ့သည်။ အသင်တို့အတွက် ထို(ကုရ်ဗာနီကုလားအုတ်များ)တွင် ကောင်းကျိုးရှိသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုကုရ်ဗာနီကုလားအုတ်များကို စီတန်းရပ်စေကြပြီး အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသလျက် (ကုရ်ဗာနီ)ပြုလုပ်ကြပါ။* ထို့နောက် သူတို့သည် ဘေးစောင်းလဲကျသွားသောအခါ အသင်တို့သည် ၎င်းထဲမှ အသင်တို့ကိုယ်တိုင်လည်း စားကြပါ။ ထို့ပြင် (သိက္ခာစောင့်ပြီး)ရောင့်ရဲတင်းတိမ်သူများကိုသာမက (သိက္ခာမစောင့်ဘဲ ဖွင့်ဟ)တောင်းခံသူများကိုလည်း ကျွေးမွေးကြပါ။ ဤသို့ပင် ငါအရှင်မြတ်သည် အသင်တို့ ကျေးဇူးသိတတ်ကြရန်အတွက် ထိုကုရ်ဗာနီကုလားအုတ်ကို အသင်တို့၏ လက်အောက်ခံဖြစ်စေတော်မူခဲ့သည်။ |