Quran with Burmese translation - Surah Al-Ma’idah ayat 54 - المَائدة - Page - Juz 6
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ مَن يَرۡتَدَّ مِنكُمۡ عَن دِينِهِۦ فَسَوۡفَ يَأۡتِي ٱللَّهُ بِقَوۡمٖ يُحِبُّهُمۡ وَيُحِبُّونَهُۥٓ أَذِلَّةٍ عَلَى ٱلۡمُؤۡمِنِينَ أَعِزَّةٍ عَلَى ٱلۡكَٰفِرِينَ يُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ وَلَا يَخَافُونَ لَوۡمَةَ لَآئِمٖۚ ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ ﴾
[المَائدة: 54]
﴿ياأيها الذين آمنوا من يرتد منكم عن دينه فسوف يأتي الله بقوم﴾ [المَائدة: 54]
Ba Sein ၅၄။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့အနက် အကြင်သူသည် မိမိဘာသာအယူဝါဒကို ပစ်ပယ်၍ မိစ္ဆာဒိဌိဖြစ်အံ့။ အလ္လာဟ်အသျှင်မြတ်သည် ထိုသူအစား အခြားလူမျိုးကို ဖန်ဆင်းတော်မူလိမ့်မည်။ ထိုလူမျိုးသစ်ကို အလ္လာဟ်အသျှင်မြတ် ချစ်ခင်မြတ်နိုးတော်မူမည်။ သူတို့လည်း အသျှင်မြတ်ကို ခင်မင်စုံမက်ကြလိမ့်မည်။ သူတို့သည် ယုံကြည်သူတို့အပေါ်တွင် နှိမ့်ချသောသဘေဘာရှိ၍ မယုံကြည်သူတို့အပေါ်တွင် ခက်ထန်ကြ၏။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်၌ ကြိုးစားအားထုတ်၍ ကဲ့ရဲ့ပြစ်တင်သူ၏ ကဲ့ရဲ့မှုကို အရေးမစိုက်ကြပေ။ အလ္လာဟ်အသျှင်မြတ်သည် အလိုရှိတော်မူသောသူအား ပြုသောဂုဏ်ကျေးဇူးတော်သည် ဤအရာပင်ဖြစ်၏။ အလ္လာဟ်အသျှင် မြတ်သည် ပေးကမ်းစွန့်ကြဲတော်မူသောအသျှင် အနန္တဉာဏ်တော်ရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အို-‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့အနက်မှ မည်သူမဆို (မိမိ သက်ဝင်ယုံကြည်လျက်ရှိသော အစ္စလာမ်) သာသနာတော်မှ လှည့်၍ ပြန်ထွက်သွားပါလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီကာလအတွင်း အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းတော်မူအံ့။ ယင်းလူမျိုးကို ထိုအရှင်မြတ်သည် ချစ်ကြည်တော်မူအံ့။ ထိုနည်းအတူ ၎င်းတို့သည်လည်း အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြကုန်အံ့။ (ယင်းသူတို့သည်) ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အဖို့ နိဝါတတရား ထားရှိသူများဖြစ်ကြအံ့။ ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့အဖို့ကား ပြင်းထန်တင်းမာသောသူများပင် ဖြစ်ကြအံ့။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း (တိုက်ခိုက်) ဆောင်ရွက်ကြအံ့။ ၎င်းပြင် ထိုသူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သောသူ တစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ပုတ်ခတ်ခြင်းမျှလည်း စိုးရိမ်ကြမည်မဟုတ်ပေ။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်တည်း။ ထိုအရှင်မြတ်သည် ထိုကျေးဇူးတော်ကို မိမိအလိုရှိတော်မူသောသူအား ချီးမြှင့်ပေးသနားတော်မူလေသတည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထဲမှ မည်သူမဆို သူ၏သာသနာမှ ပြန်လှည့်ထွက်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမီ အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းယူလာတော်မူမည်၊ ထိုလူမျိုးကို အရှင်မြတ်သည် ချစ်ခင်တော်မူမည်။ ၎င်းပြင် သူတို့ကလည်း အရှင်မြတ်ကို ချစ်ခင်တော်မူမည်။ (သူတို့သည်) အီမာန်ယုံကြည်သူများအပေါ်တွင် နူးညံ့သိမ်မွေ့သောစိတ်ထားရှိသူများဖြစ်ကြမည်။ ကာဖိရ်ငြင်းပယ်သူများအပေါ်၌မူ ပြင်းထန်တင်းမာသောသူများ ဖြစ်ကြလိမ့်မည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သက်စွန့်ကြိုးပမ်း(တိုက်ခိုက်)ဆောင်ရွက်ကြလိမ့်မည်။ ထို့ပြင် သူတို့သည် မည်သည်ပြစ်တင်ကဲ့ရဲ့သူတစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုမှ စိုးရိမ်ကြမည်မဟုတ်ပေ။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထိုကျေးဇူးတော်ကို အရှင်မြတ်အလိုရှိတော်မူသောသူအား ပေးသနားတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |